Tuesday, July 9, 2013

သက်တန့်ချိုရေးသောစာများ




နာရီစက္ကန့်သံတွေကြားထဲ
ကိုယ်ဟာ
မြတ်နိုးခြင်းတစ်ဝက်
ကြည်နူးခြင်းတစ်ဝက် 

မင်းကို ... မက်တယ်

ဒါဟာ ကမ္ဘာလားကွဲ့ အချစ်ရဲ့
အိပ်မက်ဟာမင်း
ချစ်ခြင်းတရားဟာမင်း
ကိုယ်ဟာ မင်းဖန်ဆင်းတဲ့ အလင်းထဲ
ကြည်နူးသက်ဝင်ပျော်မွှေ့လို့ .. ။

နားလည်ပါတယ်
သွားဖို့လည်းမလွယ်
ပြန်ဖို့လည်းခက်
နက်သထက်နက်တဲ့ခရီးမှာ
ကိုယ်ဟာ မင်းလက်ကို ဆုပ်ကိုင်ချင်ခဲ့ယုံ သက်သက်မို့ ။

အလင်းနှစ်ခြမ်း
ကမ္ဘာနှစ်ခြမ်း
အိပ်မက်နှစ်ခြမ်း
ကြည်စင်နက်ရှိုင်းသော ရေပြင်ငယ်မှာ
ကိုယ်ဟာ ချစ်သူမျက်နှာပေါ်လာနိုးနဲ့
မရိုးပဲ စောင့်နေခဲ့သူ ။

 



 ဒါဟာအချစ်ပဲကွယ်

ဒါဟာ .. အချစ်လားကွဲ့ 
ရင်ခုန်သံတို့ မုန်တိုင်းခတ်
တဖျက်ဖျက်လက်ခဲ့သော ဥာဉ့်ယံမှာ
ကြယ်ကလေးတွေ .. ကြယ်ကလေးတွေ နဲ့
တကယ် မဝေးချင်ခဲ့သူမို့
အလွယ်လေးတောင် မတွေးချင်ခဲ့သူ ။

ကိုယ့်ရင်ခွင်မှာ တစ်သက်စာ အမည်နာမတစ်ခုနဲ့
ကိုယ့် ချစ်ခြင်းမှာ တစ်ဘ၀စာ အိပ်မက်တစ်ခုနဲ့
ကိုယ့်အနာဂါတ်မှာ
မင်းဟာ ပဲ့ကိုင်ရှင် ..
ကိုယ့် ရင်ခွင်ကို ၀င်လာစမ်းကွယ်

ဟိုး ရှေ့ကိုကြည့်
ကိုယ့် အသိထဲ ..
မင်းစိုးမိုးထားတာတွေ့ရမယ်
ကိုယ့် အိပ်မက်ထဲ .. မင်းချယ်လှယ်ထားတာ တွေ့ရမယ်
ကိုယ့် ချစ်ခြင်းထဲ .. မင်းမှလွဲလို့ တခြားသူမရှိတာတွေ့ရမယ်
ဒါဟာ .. အချစ်ပဲကွယ် ။

(သက်တန့်ချို )

No comments:

Post a Comment